Monday, September 9, 2013

ပရော်ဖက်ရှင်နယ်ဟု ဆိုရာဝယ်

 သတင်း / 20 hours ago

၂၀၀၉ ခုနှစ်ကစတင်ခဲ့တဲ့ မြန်မာ့ဆုကြေးစားဘောလုံးပြိုင်ပွဲကို ကိုယ်စားပြုခဲ့တဲ့ မြန်မာအမျိုးသားလိဂ် (MNL) ဟာ အခုဆိုရင် ၅ ရာသီမြောက်ကို ... ၂၀၀၉ ခုနှစ်ကစတင်ခဲ့တဲ့ မြန်မာ့ဆုကြေးစားဘောလုံးပြိုင်ပွဲကို ကိုယ်စားပြုခဲ့တဲ့ မြန်မာအမျိုးသားလိဂ် (MNL) ဟာ အခုဆိုရင် ၅ ရာသီမြောက်ကို ဖြတ်သန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ဆုကြေးစားအသွင် မြန်မာ့ဘောလုံး လောကကို  တော်လှန်ပြောင်းလဲခဲ့ခြင်းရဲ့ မူလရည်ရွယ်ချက်က မြန်မာ့ဘောလုံးအဆင့် အတန်းတိုးတက်မြင့်မားရေး၊ မြန်မာ့ လက်ရွေးစင်အသင်းများ နိုင်ငံတကာအဆင့်မှာ အောင်မြင်မှု ပြန်လည်ရှာဖွေနိုင်ရေး၊ မျိုးဆက်သစ်လူငယ် ကစားသမားများ ထွက်ပေါ်လာရေး၊ ထိုမှတစ်ဆင့် မြန်မာကလပ် အသင်းများ အာရှချန်ပီယံလိဂ် (ACL) မှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရေးဆိုတဲ့ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။ အထက်ပါ ရည်ညွှန်းချက်တွေနဲ့ မြန်မာ့ဘောလုံးလောကကို အပျော်တမ်းစနစ်မှသည် ဆုကြေးစား အသွင်ပြောင်းလဲ ရာမှာ ကျင့်သုံးလိုက်နာရမယ့် စည်းမျဉ်းဥပဒေတွေ၊ မှီငြမ်းကိုးကားစရာ အချက်အလက် အခြေအနေ အကြောင်းခံ တွေက လုံးဝရှိမနေခဲ့ပါဘူး။ အထူးသဖြင့် နိုင်ငံတွင်းမှာ ပြည့်စုံကောင်းမွန်တဲ့ အားကစားဆိုင်ရာ အဆောက်အဦး (Infrastructure) တွေ၊ ဆုကြေးစားစနစ်ကို မောင်းနှင်လည်ပတ်မယ့် အဆင့်မြင့် စီမံခန့်ခွဲမှု (Management)၊ ပါဝင်ပတ်သက်နေသူတွေရဲ့ အလုပ်လုပ်ကိုင်နိုင်စွမ်း (Capabilities) တွေက စိန်ခေါ်မှုတွေပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ကြားခံပေါင်းကူးဖြစ်တဲ့ တစ်ပိုင်းဆုကြေးစားစနစ် (Semi - Pro) ကို အချိန်ကာလတစ်ခုအထိ သတ်မှတ်ပြီး ကျင့်သုံးစေသင့်ပေမယ့် မြန်မာဘောလုံးတာ ၀န်ရှိသူတွေဟာ ဆန္ဒတစ်ခုအပေါ်မှာ အလုံးစုံ ဆုကြေးစား စနစ်ကို ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ဆုကြေးစားစနစ်မှာ အခြေခံလိုအပ်ချက်တွေက တစ်ခုပြီးတစ်ခု တစ်သီတစ်တန်းကြီး ပေါ်ပေါက် လာတာကို အထင်အရှားတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ နောက်ထပ်စိန်ခေါ်မှုတွေက ငွေကြေးမူဝါဒ နဲ့ စီမံခန့်ခွဲမှုအပိုင်း၊ ပြည်တွင်းကစားသမားရှားပါးမှုနဲ့ မျိုးဆက်ပြတ်လပ်မှု၊ မြန်မာနည်းပြတွေရဲ့ နည်းစနစ်နည်းဗျူဟာ ပိုင်း ခေတ်နောက်ကျ ကျန်နေမှု၊ ဒိုင်လူကြီးတွေရဲ့ အရည်အသွေးပိုင်း နိမ့်ကျမှု၊ ပြည်တွင်းကစားသမားအများစုရဲ့ ဆုကြေးစားစနစ်အပေါ် သဘောပေါက်နားလည်မှုလွဲမှား ခြင်းအစရှိတဲ့ အခြေအနေတွေဟာ မြန်မာ့ဆုကြေးစား ဘောလုံးရပ်ဝန်းမှာ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရတဲ့အရာတွေ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေထဲမှာ ရုပ်ဝတ္ထုပစ္စည်းတွေကို အချိန်မရွေး ပြန်လည်တည်ဆောက် ပြုပြင်ပေးနိုင်ပေမယ့် ပျက်စီးယိုယွင်း နေတဲ့ ကစားသမားတွေရဲ့ အကျင့်စာရိတ္တပိုင်းကို ဘယ်လိုပြုပြင် ပြောင်းလဲပေးနိုင်မယ်ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဆုကြေးစားစနစ် မတိုင်ခင် ၂၀၀၉ ခုနှစ် ရှေ့ပိုင်း ကာလတွေမှာ ၀န်ကြီးဌာနအသင်းတွေနဲ့ ပုဂ္ဂိုလ်က ကလပ်အသင်းတချို့မှာ ကစားခဲ့ကြတဲ့ ပြည်တွင်းကစားသမားတွေ ဟာ အစိုးရ၀န်ထမ်းလစာနဲ့ ထောက်ပံ့ကြေး အနည်းငယ်သာ ခံစားခွင့်ရှိခဲ့ရာက ၂၀၀၉ ခုနှစ် ဒီဘက် နောက်ပိုင်းမှာ ရရှိခဲ့ငွေကြေးလစာနဲ့ ခံစားခွင့်တွေက မိုးနဲ့မြေလောက် ကွာခြားသွားခဲ့ပါတယ်။ ဒါဟာ ဆုကြေးစားစနစ်ရဲ့ သဘောသဘာဝမို့ ဘာမှဝေဖန်စရာ၊ ထောက်ပြစရာမရှိပေမယ့် ရရှိထားတဲ့လစာနဲ့ ခံစားခွင့်တွေက ထိုက်တန်မှုရှိပါရဲ့လား ဆိုတာ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ ငွေကြေးအပါအ၀င် ဆုဖလား၊ အောင်မြင်မှု အသီးအပွင့်တွေ ခံစားနေရတဲ့ နိုင်ငံတကာ ဆုကြေးစား လိဂ်တွေနဲ့ ဆုကြေးစား ကစားသမားတွေကိုကြည့်ပြီး ၎င်းတို့ရဲ့ အောင်မြင်မှုကို အားကျနေခဲ့တဲ့ မြန်မာ့ဘောလုံး ပရိသတ်တွေ အတွက် မြန်မာဆုကြေးစား ကစားသမားတွေ တာဝန်မကျေသေးဘူးလို့ ဆိုရမှာ ပါ။ ဒီနေရာမှာ သူတို့ ဆုကြေးစား စနစ်ကို ကျင့်သုံးနေတာ နှစ်ပေါင်း ဘယ်လောက်ရှိပြီ၊ အောင်မြင်မှု ရမှာပေါ့ဆိုတဲ့ ဆင်ခြေမျိုးပေးနိုင်ပါတယ်။ မှန်ပါတယ်။ မြန်မာနိုင်ငံမှာ ဘောလုံးကစားနည်းတစ်ခုတည်းအတွက် ဆုကြေးစားစနစ်ကျင့်သုံးတာ နှစ်ပတ်လည် အရဆိုရင် လေးနှစ်ကျော်ပဲရှိပါသေးတယ်။ အခုရေ တွင်းတူး၊ အခုရေကြည်သောက်ချင်လို့ မရနိုင်တာကိုလည်း လက်ခံနားလည်ပေးရမှာ ဖြစ်ပါတယ်။ သို့သော်လည်း အောင်မြင်မှုရဖို့ဆိုရာမှာ ဆုကြေးစားစနစ်အောက်မှာ ပါဝင်ပတ်သက်နေသူတွေရဲ့ ပရော်ဆန်မှု၊ ဆုကြေးစားပီသမှုတွေကသာ ဆောင်ကျဉ်းပေးနိုင်မှာပါ။ ဆိုရရင် အောင်မြင်မှုနဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုး၊ စိတ်နေ စိတ်ထားနဲ့ ခံယူချက်မျိုး၊ ကျင့်ဝတ်စည်းကမ်းလိုက်နာမှုမျိုးရှိမှသာ အောင်မြင်မှုကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဘယ်စနစ်၊ ဘယ်နည်းလမ်းပဲ ကျင့်သုံးသည်ဖြစ်စေ စိတ်နေစိတ်ထား၊ ခံယူချက်နဲ့ ကျင့်ဝတ်စည်းကမ်း ရှိမှသာ အောင်မြင်မှုအတွက် အာမခံချက်ရှိမှာ ဖြစ်ပါတယ်။ အခုအခြေအနေကတော့ အပျော်တမ်းစနစ်မှာလည်း ထိုနည်းလည်းကောင်း၊ ဆုကြေးစားစနစ်မှာလည်း ထိုနည်း လည်းကောင်းလို့ ဆိုရမှာပါ။ မိမိခြေစွမ်းနဲ့ ကြံ့ခိုင်မှုကို တိုးတက်နေအောင် အစဉ်လေ့ကျင့် ပြင်ဆင်နေရမယ့်အစားကွင်းပြင်ပကိစ္စတွေ မှာ ရေလိုက်လွဲနေ ခဲ့ပါတယ်။ ခံစားခွင့်တွေကိုသာ အစဉ်တစိုက် တောင်းဆိုတတ်ကြပါတယ်။ ပေါ်သမျှ ဖက်ရှင် အသုံးအဆောင်ပစ္စည်းတွေကို ဂုဏ်တုဂုဏ်ပြိုင်ပြုမူကြတာတွေ၊ အပျော်အပါးကိစ္စတွေမှာ အာရုံဝင်စားကြတာတွေ၊ ကွင်းအတွင်းမှာ ဘောလုံးဥပဒေစည်းမျဉ်းကို အလွယ်တကူချိုးဖောက်တတ်ကြတာတွေ၊ ခိုက်ရန်ဖြစ်ပွား တတ်ကြတာ တွေက မြန်မာပရော်ကစားသမားတွေမှာ တွေ့မြင်ရလေ့ရှိတဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ဆုကြေးစား (Professional) ဆိုတာ “အတတ်ပညာ” (professium) ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရက ဆင်းသက်လာတာဖြစ်ပါတယ်။ ဒါက ဘာသာဗေဒဝေါဟာရ တစ်ခုသာဖြစ်ပြီး ဒီဝေါဟာရရဲ့ နောက်ကွယ်မှာရှိနေတဲ့ အနက်အဓိပ္ပါယ်ကတော့ အင်မတန်ကျယ်ပြန့်လှပါတယ်။ မိမိတို့တတ်ကျွမ်းတဲ့ ပညာနဲ့ အခကြေးငွေရယူကာ အလုပ်ကို ပြီးဆုံးသည်အထိ တာဝန်ယူဆောင်ရွက်ပေးသူလို့ ယေဘုယျ ဆိုနိုင်ပါတယ်။ ဒီသဘောအတိုင်းဆိုရင် မည်သည့်နယ်ပယ်မှာဖြစ်စေ အခကြေးငွေနဲ့ ပိုင်းဖြတ်ပြီး အလုပ် လုပ်သူဟာ ပရော်ဖက်ရှင်နယ်၊ ဒါမှမဟုတ် တတ်ကျွမ်းတဲ့ပညာနဲ့ အသက်မွေးဝမ်းကျောင်း နေသူပါပဲ။ ဒါကြောင့် အားကစားနယ်ပယ်ထဲက ဘောလုံးကစားနည်း အတတ်ပညာနဲ့ အသက်မွေးသူဟာ အဲဒီနယ် ပယ်အတွက် ပရော်ဖက်ရှင်နယ်တစ်ယောက်လို့ ဆိုရမှာပါ။ ဒီလိုအခကြေးငွေနဲ့ မိမိအတတ်ပညာကို အသုံးချပြီး အသက်မွေးမှု (သို့မဟုတ်) ထမင်းစားမှုပြုလုပ်လိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီအလုပ်အပေါ်မှာ တာဝန်ယူမှု၊ သစ္စာစောင့်သိမှု၊ ကျင့်ဝတ်စည်းကမ်းနဲ့ စောင့် ထိန်းလိုက်နာရမယ့် ဥပဒေစည်းမျဉ်း စည်းကမ်းတွေက အလိုအလျှောက် ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါတွေက မိမိအသက်မွေးဝမ်းကျောင်း ပညာနဲ့ပတ်သက်ပြီး အထူးတလည် သင်ကြားပြသပေးရမယ့် အရာတွေ မဟုတ်ဘဲ မိမိရဲ့အသိစိတ် (Mind Set) အတွင်းမှာ အခုလို နားလည်သဘောပေါက်ရမယ့် ပရော်ဖက် ရှင်နယ်ကျင့်ဝတ် (Ethics) တွေ ဖြစ်ပါတယ်။ ဆိုရရင် အားကစားနယ်ပယ်မှာသာ ပရော်ဖက်ရှင်နယ်တွေ လိုအပ်တာမဟုတ်ဘဲ နယ်ပယ်စုံကဏ္ဍပေါင်းစုံအတွက် စစ်မှန်တဲ့ ပရော်ဖက်ရှင်နယ်တွေ လိုအပ်လှပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှု နောက်ကျနေခဲ့တဲ့ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင် မြန်မာနိုင်ငံအတွက် ပြန်လည်ထူထောင်ရေး လုပ်နေတဲ့ ယခုလိုအချိန်မျိုးမှာ နယ်ပယ် ပေါင်းစုံအတွက် ပရော်ဖက်ရှင်နယ်ဆန်တဲ့ အတတ်ပညာရှင်၊ အသိပညာ ရှင်တွေ ပိုလိုအပ်ပါတယ်။ တိုင်းပြည်တစ်ခု၊ နယ်ပယ်တစ်ခု ဘယ်လောက်ဖွံ့ဖြိုးတိုးတက်သလဲဆိုတာ အဲဒီ တိုင်းပြည်၊ အဲဒီနယ်ပယ်မှာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ပညာရှင်တွေ ဘယ်လောက်များများ ရှိနေသလဲဆို တဲ့အချက်နဲ့ တိုင်းတာနိုင်ပါတယ်။ ဒါကြောင့် နယ်ပယ်တိုင်း အတွက် ပရော်ဖက်ရှင်နယ်မဟုတ်ရင် ပရော်ဖက်ရှင်နယ် မပီသရင် ဖွံ့ဖြိုးမှု၊ အောင်မြင်မှု နည်းပါးမှာဖြစ်ပြီး ပရော်ဆန် တဲ့ ပညာရှင်တွေ များများ စားစားရှိနေရင် အောင်မြင်တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရော်ဖက်ရှင်နယ်တစ်ယောက်အတွက် မိမိနယ်ပယ်ကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်သလို၊ မိမိကိုယ်တိုင်အတွက် ဘ၀တက်လမ်းအခွင့်အလမ်းကောင်းတွေကို ဖန်တီးနိုင်ပါသေးတယ်။ ဥပမာအားဖြင့် စပါးအသင်း ကနေ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ဝေးစ်နွယ်ဖွား ဂါရတ်ဘေးရဲ့ ပေါင်တစ်သန်းတန် အပြောင်းအရွှေ့နဲ့ တစ်နှစ်စာအတွက် အသားတင်ရရှိမယ့် လုပ်ခ၊ လစာ ယူရိုငွေ ၁၀ သန်းဟာ နမူနာကောင်း တစ်ခု ဖြစ်မယ်ထင်ပါတယ်။ ဒီအပြောင်းအရွှေ့ကြောင့် စပါးအသင်းဟာ အကျိုး အမြတ်များစွာရရှိခဲ့သလို ကာယကံရှင် ဘေးအတွက်လည်း ကမ္ဘာ့ပြောင်းရွှေ့ကြေး အမြင့်ဆုံးကစားသမား ဘ၀ကို ရောက်စေခဲ့ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ဆောက်သမ်တန်ကနေ စပါးအသင်းကို မထင်မရှား ပြောင်းရွှေ့လာခဲ့တဲ့ ဂါရတ်ဘေးရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ အောက်သက်ကျေမှုကို အသိအ မှတ်ပြုရမှာပါ။ အလားတူ ဆုကြေးစားစနစ် ကျင့်သုံးအကောင်အထည်ဖော်နေတဲ့ မြန်မာ့ဘောလုံးလော ကမှာရှိတဲ့ ကစားသမားတွေအနေနဲ့ အနိမ့်ဆုံး အာဆီယံ ဒေသတွင်း အဆင့်ကနေ အာရှအဆင့်ထိ ပြောင်းရွှေ့ ကစားနိုင်ဖို့ မျှော်လင့်ခွင့်ရှိပါတယ်။ ဒီလိုမျှော်လင့်ချက်ဟာ မိမိမှာ ဘယ်လောက်အထိ ပရော် ကစားသမားဘ၀ အောက်သက်ကျေမှုမျိုးရှိနေသလဲဆိုတာကသာ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဒါတွေက ထင်သာမြင်သာရှိတဲ့ အခြေအနေမျိုးဖြစ်ပြီး နောက်ကွယ်မှာမမြင်ရတဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုတွေကို ဘ၀အတွက် အသုံးချနိုင်တဲ့ နည်းလမ်းကောင်းတွေလည်း ဆုကြေးစား ကစာသမားဘ၀မှာ ရှိပါသေးတယ်။ ကျန်းမာရေးနဲ့အညီ နေထိုင်တတ်မှု (Healthy Life)၊ လူအများနဲ့ ပူးပေါင်းပါဝင်နိုင်မှု (Participation)၊ ကိုယ်ရည် ကိုယ်သွေး မြင့်မားမှု (Personalities) အစရှိတာတွေကို လုပ်ခွင့်ရှိပါတယ်။ ဂျပန်နိုင်ငံက ဆုကြေးစားကစား သမားတွေဟာ ရာသီပြီးဆုံးချိန်မှာ လယ်ထဲမှာ စပါးကူစိုက်ပေးရတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ ပရော်ကစား သမားတွေလည်း ရာသီပြီးဆုံးချိန်မှာ မိဘမဲ့ဂေဟာတွေ၊ ရောဂါဝေဒ နာခံစားနေရတဲ့ ကလေးငယ်တွေအတွက် လူမှုရေးအဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ချိတ် ဆက်ပြီး လူမှုရေးတာဝန် (CSR) တွေကို လုပ်ကြရပါတယ်။ ဒါကြောင့် မြန်မာဆုကြေးစား ကစားသမား တွေအနေနဲ့ ဒီလိုလူမှုရေးလုပ်ငန်းတွေမှာပါဝင်ကူညီပြီး ပရိသတ်အချစ်တော်ကစားသမားဘ၀ကို ခံယူနိုင် ပါတယ်။ သို့သော်လည်း မြန်မာ့ဘောလုံးလောက ဆုကြေးစားရာသီ ငါးရာသီအတွင်းမှာ ပရိသတ်တွေမြင်ရ၊ ကြားရတာတွေက အထက်ပါအခြေအနေတွေနဲ့ ပြောင်းပြန်လို့ဆိုရမှာပါ။ ဒါကြောင့်လည်း ငါးရာသီ အတွင်း အဆိုးရွားဆုံး မှတ်တမ်း တစ်ခုဖြစ်တဲ့ ၀ဏ္ဏသိဒ်္ဓိပဋိပက္ခ (Wunna theikdi Comflict) ပေါ်ပေါက်ခဲ့ ရတာ ဖြစ်ပါတယ်။ နောင်မှာ ပြည်တွင်းမှာ ဖြစ်စေ၊ နိုင်ငံတကာမှာဖြစ်စေ မြန်မာဘောလုံး လောကရဲ့ ပုံရိပ်ကို ကျဆင်းစေတဲ့အဖြစ်ကို ရှောင်လွှဲနိုင်ဖို့ဆိုရင် ဆုကြေးစားပီပီပြင်ပြင် ကျင့်သုံးရန်မှတစ်ပါး အခြား မရှိတော့ပါဘူး။ ဒီအတောအတွင်းမှာတင် မြန်မာကစားသမားများသာ ပါဝင်ကစားခွင့်ရှိတဲ့ မြန်မာအမျိုးသားလိဂ်ဖလား (MNL Cup) ပြိုင်ပွဲကို စက်တင်ဘာ ၂၁ ရက်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ မြန်မာ့ဆုကြေးစား ကစားသမားတွေသာ ပါဝင်ဆင်နွဲကြမှာဖြစ်တာကြောင့် ဒီကစားသမားတွေရဲ့ ပရော်စိတ်၊ ပရော် အမူအကျင့်တွေကို မီဒီယာနဲ့ ပရိသတ်တွေ က စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းဖလားပြိုင်ပွဲတွေထက် ပိုအရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုကိုလည်း မြန်မာပရိသတ်တွေက စောင့်ကြည့်နေကြမှာ သေချာပါတယ်။ အဲဒါက ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ရွှေတံဆိပ် ရရုံသက်သက်မဟုတ်ဘဲ ဇာတိပုညဂုဏ်မာနကို ထုတ်ဖော်ပြသရမယ့် နိုင်ငံတကာ အဆင့်ပြိုင်ပွဲ တစ်ခု ဖြစ်ပါတယ်။ အိမ်ရှင်ပီပီ မြန်မာတို့ရဲ့ ရိုးသားဖော်ရွေမှု၊ ဧည့်ဝတ် ကျေပွန်မှု၊ စည်းကမ်းလိုက်နာမှု၊ အားကစား သမားပီသတဲ့ အပြုအမူ၊ ပရော်ပီသတဲ့ အပြုအမူတွေက မြန်မာအမျိုးသားဂုဏ်သိက္ခာနဲ့ မြန်မာ့စိတ်ရင်း၊ မြန်မာဥပဓိကို ထင်ဟပ် ပြသနိုင်ဖို့ အရေးကြီးဆုံးဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Post by Mizzima - News in Burmese. Visit website  

http://www.pktsgg.blogspot.com/?m=1 

http://pktkmk.blogspot.com/?m=1

No comments:

Post a Comment