Eleven Media Group < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia ">အတန်းပိုင်ဆရာမက ခုနစ်နှစ်အရွယ် ကျောင်းသားကို နှုတ်ခမ်းပေါက်ပြဲကာ နှာခေါင်းသွေးထွက်အောင် ရိုက်နှက်မှုအပေါ် မိဘများက တိုင်ကြားမည်ဟုဆို Created on Wednesday, 28 August 2013 23:16 ဒဂုံမြို့နယ် အ.မ.က(၁) ကျောင်းတွင် ပညာသင်ကြားနေသော ခုနစ်နှစ်အရွယ် ဒုတိယတန်း ကျောင်းသားကို အတန်းပိုင် ဆရာမက ရိုက်နှက်သောကြောင့် အောက်နှုတ်ခမ်းပေါက်ပြီး နှာခေါင်းသွေးထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကလေး၏မိခင်ဖြစ်သူ ဒေါ်မြတ်မော်မော်အေးက ဆိုသည်။ သြဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်က မောင်ဖုန်းမြတ်မြတ်အောင်အား အတန်းပိုင်ဆရာမ ဒေါ်အိထွေးဦးက ရိုက်နှက်ခဲ့ကြောင်း ကလေး၏မိခင်က ဆိုသည်။ "ပထမ တစ်ခေါက်ကလည်း အတန်းပိုင် ဆရာမက ကလေးကို စာမပြီးလို့ ငေးလို့ဆိုပြီး လက်နဲ့ခြေသလုံးတွေ ပေါင်တွေမှာ အရှိုးရာထင်အောင် ရိုက်တယ်။ အဲဒီအတွက်ကြောင့် ကျွန်မက အတန်းပိုင် ဆရာမနဲ့ သွားတွေ့ပြီး ဆွေးနွေးဖြစ်ပါတယ်။ ရိုင်းတဲ့ကလေး၊ ပြောမရတဲ့ ကလေးကို ဒေါသထွက်တာ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အငြိုးတကြီးနဲ့ လက်တွေ၊ ပေါင်တွေ၊ ကျောကုန်းတွေ ခြေသလုံးတွေမှာ အစင်းရာတွေဖြစ်အောင် ရိုက်တာကတော့ မဖြစ်သင့်ပါဘူး" ဟု မိခင်ဖြစ်သူက ပြောကြားသည်။ သြဂုတ် ၂၇ ရက် ည ၁၂ နာရီခန့်တွင် ယင်းကလေးငယ်အား ရန်ကုန်ကလေး ဆေးရုံကြီးတွင် ဆေးကုသခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနတွင်လည်း သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အတန်းပိုင်ဆရာမအား သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားသွားမည်ဟု ကလေး၏မိခင်က ဆိုသည်။ သြဂုတ် ၂၈ ရက် မနက်ပိုင်းက ဒဂုံမြို့နယ် ပညာရေးမှူးနှင့် အ.မ.က(၁)ကျောင်းအုပ်ဆရာမကြီးတို့က ကလေး၏ မိခင်နှင့် ကလေးငယ်တို့အား ကျောင်းသို့ခေါ်၍ တောင်းပန်ခဲ့ကြောင်း၊ တောင်းပန်မှုကို လက်မခံနိုင်ကြောင်း ကလေးမိခင်ထံမှ သိရသည်။ ဒဂုံမြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးစိုးသန်းက "အခုလောလောဆယ်တော့ ကျွန်တော်တို့ လုပ်ပိုင်ခွင့်ထဲက ကလေးကို ရိုက်နှက်တယ်လို့ အတိုင်ခံခဲ့ရတဲ့ ဒုတိယတန်း အတန်းပိုင်ဆရာမကို သူငယ်တန်း အတန်းပိုင်ဆရာမနဲ့ ပြောင်းလဲတာဝန် ပေးထားပါတယ်။ မိဘတွေဘက်က ဒီအချိန်မှာ စိတ်ပူပန်မှုတွေ များနေနိုင်လို့ လောလောဆယ်တော့ ဆရာမနဲ့ မိဘကို ပေးမတွေ့သေးဘူး" ဟု သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက အ.မ.က (၁) ဒဂုံကျောင်းအတွင်း၌ ပြောကြားသည်။ အေးချမ်းမွန် Credit To >Eleven Media Group < Thanks Re-posted By ACM 29-8-2013 https://www.facebook.com/excellencemedia mrcopy
No comments:
Post a Comment