စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၈ )ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ် ထိုင်းဘုရင့် ဖလား ... စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၈ )ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ် ထိုင်းဘုရင့် ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ် နှစ်ခုရရှိခဲ့သည်။ ငွေတံဆိပ် သုံးခုကို အမျိုးသမီးနှစ်ယောက် တွဲပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးအသင်းလိုက် ကွင်းသွင်းခြင်းခတ် ပြိုင်ပွဲတို့မှ ရရှိခဲ့ခြင်းဖြစ်ပြီး ကြေးတံဆိပ်နှစ်ခုကို အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီး သုံးယောက်တွဲ ပြိုင်ပွဲတို့မှ ရယူပေးခဲ့ခြင်းဖြစ်သည်။ပိုက်ကျော်ခြင်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်ဇင်မိုး က “ဒီပြိုင်ပွဲကို အမျိုးသမီးက ဆီးဂိမ်းမှာ ကစားမယ့် လက်ရွေးစင်တွေခေါ်သွားတာပါ။ အမျိုးသား ကတော့ အငယ်တွေခေါ်သွားတာပါ။ ရခဲ့တဲ့ ငွေတံဆိပ် သုံးခုစလုံးက ဗိုလ်လုပွဲမှာ အိမ်ရှင်ထိုင်းကို ရှုံးနိမ့်ခဲ့တာပါ။ ဆီးဂိမ်းမှာ ရွှေတံဆိပ်ရဖို့အတွက် အကောင်းဆုံး ကြိုးစားနေပါတယ်””ဟု ပြောကြားခဲ့သည်။ ဆီးဂိမ်းအကြို ပိုက်ကျော်ခြင်းပြိုင်ပွဲကို လာမည့်အောက်တိုဘာ ပထမအပတ်တွင် ကျင်းပရန် စီစဉ်ထားသည်။ အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇ ) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း အားကစား နည်းမှ ကစားနည်း ၁၀ နည်းနှင့် ရွှေတံဆိပ် ၁၀ ခုချီးမြှင့်မည် ဖြစ်သည်။ ထည့်သွင်းထားသည့် ကစားနည်း ၁၀ နည်းမှာ နှစ်ယောက်တွဲ (အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲ အသင်းလိုက် (အမျိုးသား/အမျိုးသမီး)ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ သုံးယောက်တွဲ(အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ သုံး ယောက်တွဲ အသင်းလိုက်(အမျိုးသား/အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသားကွင်းသွင်း ခြင်းခတ်ပြိုင်ပွဲနှင့် အမျိုးသမီးကွင်းသွင်းခြင်းခတ် ပြိုင်ပွဲတို့ဖြစ်ကြသည်။ ပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် ပြီးခဲ့သည့် (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ် နှစ်ခုရရှိခဲ့သည်။ Post by Burma News from Mizzima. Visit website http://pktkmk.blogspot.com/?m=1
No comments:
Post a Comment