အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာ မသင်ကြားခဲ့ရသူများကို တစ်နိုင်ငံလုံး၏ မြို့နယ်လေးပုံ တစ်ပုံတွင် သာ ကျောင်းပြင်ပပညာရေး ... အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာ မသင်ကြားခဲ့ရသူများကို တစ်နိုင်ငံလုံး၏ မြို့နယ်လေးပုံ တစ်ပုံတွင် သာ ကျောင်းပြင်ပပညာရေးစနစ်ဖြင့် စာသင်ပေးနိုင်ကြောင်း မြန်မာနိုင်ငံပညာရေး သုတေသနဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက မဇ္ဈိမကိုပြောသည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ် ၈၀ တွင်သာ မူလတန်းပညာမသင် ခဲ့ရသူမျာ ကို ကျောင်းပြင်ပပညာရေးဖြင့် သင်ပေးနိုင်ခဲ့ကြောင်း ၎င်းကပြောကြားခြင်း ဖြစ်သည်။ ကျောင်းပြင်ပမူလတန်းပညာရေးဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်း မနေနိုင်ခဲ့သူများနှင့် ကျောင်း ထွက် စောခဲ့သူများကို မူလတန်းပညာပြီးဆုံးရန် ပြန်လည်သင်ကြားပေးခြင်းဖြစ်သည်ဟု ဦးခင်မောင်ထွေးက ဆက်ရှင်းပြသည်။ ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှ ဒေါ်သူသူမာက “အကြောင်းအမျိုးမျိုးနဲ့ ကျောင်းပြင်ပရောက်နေတဲ့သူတွေ ကျွန်မတို့မြန်မာပြည်မှာ အများကြီးပါ။ အရေအတွက်အားဖြင့်လည်း အများကြီးလိုအပ်တယ်။ ဒီထက်လည်း အများကြီးလိုအပ်တယ်လို့ ကျွန်မတို့ကမြင်တယ်” ဟုပြောသည်။ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ စီမံချက်ဖြင့် မြန်မာနိုင်ငံ၏ မြို့နယ်ခြောက်ခုတွင် ကျောင်းပြင်ပပညာရေးသင်ကြားပေးနေသော မြန်မာနိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်းမှ ညှိနှိုင်းရေးမှူး ဦးအောင်ကျော်တင့်ကလည်း “နည်းတာပေါ့။ အဲ့ဒါကို တောက်လျှောက် လုပ်ဖို့ကျတော့ ရန်ပုံငွေကလို သေးတာပေါ့” ဟု မှတ်ချက်ပြုသည်။ မြန်မာနိုင်ငံတွင် ယခုပညာသင်နှစ်ထိ သူငယ်တန်းကျောင်းအပ်နှုန်းမှာ ၉၈ ဒသမ ၅၅ ရာခိုင်နှုန်းရှိနေပြီဟု စက်တင်ဘာ ၈ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ စာတတ်မြောက်ရေးနေ့တွင် အစိုးရက ထုတ်ပြန်ထားသည်။ သို့သော် ကျောင်းသားမိဘများက စာသင်နှစ်အစတွင် ၎င်းတို့၏ကလေးများကို ကျောင်းအပ်ကြသော်လည်း စာသင်နှစ်မဆုံးမီ ကလေးများကို ကျောင်းပြန်နုတ်ကြသည်ဟု ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ နယ်အတွင်းရှိ အမည်မဖော်လိုသည့် ကျောင်းအုပ်ဆရာမတစ်ဦးကပြောသည်။ “အစောပိုင်းက ကျောင်းလာအပ်ပြီးနောက်တော့ အိမ်စောင့်မရှိလို့၊ လက်တို လက်တောင်းခိုင်းဖို့၊ ပြီးတော့ စီးပွားရေး အဆင်မပြေလို့ဆိုပြီး ကျောင်းပြန်နုတ်ကြတယ်” ဟု သူမကဆိုသည်။
Post by Mizzima - News in Burmese. Visit website
http://kmksgg.blogspot.com/?m=1 http://pktkmk.blogspot.com/?m=1
No comments:
Post a Comment